ကမန် အမျိုးသားတိုးတက်ရေးပါတီ


ခိုင်စု | ကြာသပတေးနေ့၊ ဂျူလိုင်လ ၀၈ ရက် ၂၀၁၀ ခုနှစ်

ကမန် အမျိုးသားတိုးတက်ရေးပါတီ  (Kaman National Progressive Party – KNPP)
နယူးဒေလီ (မဇ္ဈိမ)။      ။ ကမန်အမျိုးသားတိုးတက်ရေးပါတီ KNPP ကို ရန်ကုန်တွင် ရောက်ရှိနေသော ကမန် လူမျိုးများဖြင့် မတ်လအတွင်းက ဖွဲ့စည်းခဲ့ပြီး မေလ ၂၅ ရက်နေ့တွင် ပြည်ထောင် စု ရွေးကောက် ပွဲ ကော်မရှင် UEC ထံတွင် ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ သည်။   ရွေးကော် ပွဲ ကော်မရှင်က မှတ် ပုံ တင်အမှတ် ၃၆ ဖြင့် ယခုလ ၅ ရက်နေ့က မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ဖြစ် သည်။
KNPP တွင် ဌာနဆိုင်ရာမှ အငြိမ်းစားဝန်ထမ်းအချို့နှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင် ၁၆ ဦးဖြင့် ဗဟို အလုပ် အမှုဆောင် ကော်မတီ ဖွဲ့စည်းထားသည်။ ပါတီဖွဲ့စည်းပုံမှာ ကျေးရွာ၊ ရပ်ကွက်၊ ခရိုင်၊ မြို့နယ်နှင့် ပြည်နယ် အဆင့်ဆင့် ဖြစ်သည်။ ၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် ကမန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အမည်ရှိ ပါတီတခု ပေါ်ပေါက်လာကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦး ရွေးချယ် ခံခဲ့ရသည်။
အငြိမ်းစား တရားရေးဝန်ထမ်း တဦးဖြစ်သော ဦးဇော်ဝင်းက ပါတီဥက္ကဋ္ဌ တာဝန်ယူထားသည်။
ပါတီဖြစ်ပေါ်လာရပုံနှင့် ပတ်သက်၍ “ကမန်အမျိုးသားတွေကလည်း အခြားတိုင်းရင်းသားနည်း တူ   နိုင်ငံတော် နဲ့အတူ အမျိုးသားရေးအတွက် တတပ်တအား ပါနိုင်အောင်၊ ပြီးတော့ တိုင်းရင်းသားအားလုံး ရသင့်ရထိုက်တံ မွေးရာပါ လူ့အခွင့်အရေးတွေ ရနိုင်အောင် တိုင်ပင်ရာက ဖြစ်လာတာ၊ နောက်တချက်က ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ အခွင့်အရေးတွေကို နိုင်ငံသားတိုင်း သာတူညီမျှရရှိဖို့ တည်ထောင်ခဲ့တာ” ဟု ဥက္ကဋ္ဌ ဦးဇော်ဝင်းက ပြောသည်။
ဦးဇော်ဝင်းကို အဘ ဦးလှကျော် (အငြိမ်းစား၊ စက်ရှင်တရားသူကြီး – စစ်တွေဇာတိ) နှင့် အမိ ဒေါ်ခင်ကြည် (သံတွဲဇာတိ) တို့မှ ပဲခူးတိုင်း ညောင်လေးပင်မြို့၌ ၂၈.၆.၁၉၄ တွင် မွေးဖွားခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် ဧရာဝတီတိုင်း ဟင်္သာတမြို့ အထက (၁) မှ ၁ဝ တန်း အောင်မြင်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ရန်ကုန် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်မှ BA. Law နှင့် ၁၉၇၃ ခုနှစ်တွင် L.L.B ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၇၃ ခုနှစ်မှစ၍ တရားရေးဌာနတွင် တရားရေးဝန်ထမ်း အဆင့် ၄ ဖြင့် ရန်ကုန်၊ ကြံခင်း၊ ခရမ်း၊ အင်းစိန်၊ ကျောက်ဖြူ၊ ဒိုက်ဦး၊ သံလျင်နှင့် လွိုင်ကော်မြို့များတွင် တာဝန်ကျခဲ့သည်။ ထို့အပြင် တနင်္သာရီတိုင်းတွင် တိုင်းတရား သူကြီးအဖြစ်ပါ ဆောင်ရွက်ခဲ့သည်။ တရားရုံးချုပ်တွင် တွဲဘက်ညွှန်ကြားရေးမှူးအဖြစ် တာဝန် ထမ်းဆောင်နေ စဉ် ၂၁.၆.၂ဝဝ၉ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။ ယခုနှစ်တွင်မှ နိုင်ငံရေးလောက သို့ ဝင်ရောက်လာခြင်း ဖြစ်သည်။
ဇနီးသည် ဒေါ်မြင့်မြင့်ဝင်း (မြန်မာမူဆလင်) မှာလည်း L.L.B ဘွဲ့ရတဦးဖြစ်ကာ ၂ဝဝ၈ ခုနှစ် တွင် ရှေ့နေ ချုပ်ရုံး တွဲဘက် ညွှန်ကြားရေးမှူးအဖြစ်မှ အငြိမ်းစားယူခဲ့သည်။ သားတဦးတည်းရှိပြီး လက်ရှိတွင် စင်္ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည်။
ရခိုင်ပြည်နယ်အတွင်းမှ ကမန် အမျိုးသားတိုးတက်ရေးပါတီ အပါအဝင် ပါတီပေါင်း ၆ ခု ၂ဝ၁ဝ   ရွေးကောက် ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ခွင့်ပြုချက် လျှောက်ထားခဲ့သော်လည်း ၅ ခုသာ မှတ်ပုံတင်ခွင့် ခွင့်ပြုချက် ရရှိထားသည်။ လက်ရှိတွင် KNPP သည် ရခိုင်ပြည်နယ်ရှိ ကမန်လူမျိုးများ အတွက် ရွေးကောက်ပွဲ ဝင်ပြိုင်မည့် တခုတည်းသော ပါတီဖြစ်သည်။
ရခိုင်ပြည်နယ်တွင် လက်ရှိ ပါတီမှတ်ပုံတင်ခွင့်ပြုချက်ရရှိထားသေား ပါတီများမှာ မြို ခေါ် ခမီ အမျိုးသား ညီညွတ်ရေး အဖွဲ့၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ မြိုတိုင်းရင်းသားပါတီနှင့် ကမန်အမျိုးသား တိုးတက်ရေးပါတီတို့ ဖြစ်ကြသည်။
ပါတီလုပ်ငန်းစဉ်အဖြစ် ရည်ရွယ်ချက်တူ အတွေးအမြင်တူသည့် မည်သည့်ပါတီနှင့်မဆို ပူးပေါင်းပြီး   ဆောင်ရွက်သွားရန်၊ တိုင်းရင်းသားအားလုံး နေရာဒေသ မခွဲခြားဘဲ ရသင့်ရထိုက်သော အခွင့်အရေးများ ကို အပြည့်အဝ ရရှိရန် ကြိုးပမ်းဆောင်ရွက်သွားရန်၊ မည်သည့်ဒေသတွင် နေထိုင်သည့် တိုင်းရင်းသားများ မဆို လွတ်လပ်စွာ နေထိုင်အသက်မွေးဝမ်းကျောင်း ပြုလုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားရန် ဟူ၍ ချမှတ်ထားသည်ဟု ဦးဇော်ဝင်းက  ပြောဆိုသည်။
ပါတီမူဝါဒများအဖြစ် ဒို့တာဝန်အရေးသုံးပါးနှင့် လောကပါလတရားကို အခြေခံသော၊ အခြေခံလူ့ အခွင့် အရေး ကို လေးစားလိုက်နာသော ပြည်သူပြည်သားများနှင့်အတူ အခြားပါတီများနှင့်လည်း  လက်တွဲပြီး အနာဂတ်တွင် ဒီမိုကရေစီ နိုင်ငံတော်သစ်ဖြစ်ရန် တည်ဆောက်သွားမည်၊ အကြမ်းဖက်ဝါဒနှင့် အခြား အစွမ်းရောက်သော မည်သည့်ဝါဒများကိုမဆို ဆန့်ကျင်သွားရန်၊  နိုင်ငံတဝှန်းလုံးကို ဘက်စုံတိုး တက်အောင်   ဆောင်ရွက်ရန်နှင့် မြန်မာ့လူ့အဖွဲ့အစည်းမှာ အသုံးမပြုသော အတွေးအခေါ်၊ အယူအဆများ ကို တိုးတက်ခေတ်မီလာအောင် ပညာပေး စည်းရုံးသွားရန်တို့ဖြစ်ကြောင်း ဦးဇော်ဝင်းက ပြောသည်။
ရခိုင်ပြည်နယ် တခုလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသော်လည်း ကမန် လူမျိုးအများစုရှိသည့် စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲခရိုင်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သူက ဆိုသည်။
လက်ရှိကမန်လူမျိုး ဦးရေမှာ အနည်းစုဖြစ်နေကြောင်း “လူဦးရေ  ၃ သိန်းလောက် ရှိမယ်လို့ ပြောတယ်။ ကျနော် အတိ အကျ မသိပါ။ ရန်ကုန်ကို ရောက်နေတာတော့ အိမ်ထောင်စု ၄-၅-၆ဝဝ လောက် ရှိမယ်” ဟု ဦးဇော်ဝင်းက ပြောသည်။
ယင်းတို့ပါတီအနေဖြင့် မကြာသေးမီတွင်မှ မှတ်ပုံတင်ခွင့်ပြုချက် ရရှိသည့်အတွက် ပါတီ၏ စည်းရုံးရေး အပါအဝင် ပါတီလုပ်လုပ်ငန်းများ မစတင်ရသေးကြောင်းနှင့် ပါတီဝင်အင်အားလည်း မစုဆောင်ရသေးဟု ဆိုသည်။
KNPP သည် လူမျိုးရေးကျဉ်းမြောင်းသော ပါတီတခုမဟုတ်ဘဲ ရခိုပြည်နယ်တွင်း ပါတီဝင်အင်အား စုဆောင်း   ရာတွင် ကမန်လူမျိုးများသာမက ပါတီဝင်ဖြစ်လိုသူ မည်သူကိုမဆိုကို လက်ခံသွားမည်ဟု သိရသည်။
“ကမန်ဖြစ်မှ လက်ခံမယ်လို့ မဟုတ်ဘူး၊ တရုတ်ကြီးလာလည်း လက်ခံမယ်။ ကုလားကြီးလာလည်း လက်ခံမယ်။ ပါတီဝင်ဖို့ ကမန်ဖြစ်ရမည်ဆိုတဲ့ စည်းကမ်းချက် မရှိပါဘူး။ ဥပဒေအရ တားမြစ်ထားတဲ့ လူကိုတော့ လက်ခံလို့ မရဘူး။  တိုင်းရင်းသားဖြစ်ရင် ရတယ်” ဟု ဦးဇော်ဝင်းက ပြောသည်။
ယင်းတို့ပါတီ အနေဖြင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ပြိး အရွေးချယ်ခံရပါက ဒေသတွင်း၍ အစ္စလာမ် ဘာသာဝင်များ ကြုံတွေ့နေရသည့် ခရီးသွားလာရေး အခက်အခဲများကို တင်ပြသွားမည်ဟု သူက ဆိုသည်။
သူက “ရခိုင်ပြည်နယ်တွင်းမှာ မူဆလင်ဘာသာဝင်တွေက သွားရေးလာရေး အခက်အခဲရှိနေတယ်။ အဲဒါတွေ ပြေလည်မှုရအောင် တင်ပြသွားမယ်။ နိုင်ငံတော်အတွက် ကန့်သတ်သင့်လို့ ကန့်သတ်ရတဲ့ တိုင်းရင်း သား မဟုတ်တာတွေ ရှိပေမယ့် တိုင်းရင်းသားအဖြစ် သတ်မှတ်ထားတဲ့ သူတွေလည်း ကန့်သတ်ခံနေ ရတာ မကောင်းဘူးပေါ့” ဟု ပြောဆိုသည်။
ဗဟိုအလုပ်အမှုဆောင် ၁၆ ဦး
၁။ ဦးဇော်ဝင်း                   (ဥက္ကဋ္ဌ)
၂။ ဦးလှတိုး                      (ဒု ဥက္ကဋ္ဌ ၂)
၃။ ဦးထွန်းငွေ                    (ဒု ဥက္ကဋ္ဌ ၃)
၎။ ဦးတင်လှိုင်ဝင်း              (အတွင်းရေးမှူး)
၅။ ဦးကျော်ငြိမ်း                  (တွဲဘက် အတွင်းရေးမှူး ၁)
၆။ ဦးသိန်းရွှေ                    (တွဲဘက် အတွင်းရေးမှူး ၂)
၇။ ဦးဆန်းရွှေ                    (တွဲဘက် ပြန်ကြားရေးမှူး)
၈။ ဒေါ်နွဲ့နွဲ့အေး                  (ဘဏ္ဍာရေးမှူး ၁)
၉။ ဒေါ်စုစုခိုင်                    (ဘဏ္ဍရေးမှူး ၂)
၁ဝ။ ဒေါ်မြင့်သိန်း               (စာရင်းစစ် ၁)
၁၁။ ဦးကျော်စိုးမိုး               (အဖွဲ့ဝင်)
၁၂။ ဦးအောင်မျိုးသိန်း         (အဖွဲ့ဝင်)
၁၃။ ဦးကြည်ထွန်း              (အဖွဲ့ဝင်)
၁၄။ ဦးမောင်ထွန်း              (အဖွဲ့ဝင်)
၁၅။ ဦးလှရွှေ                    (အဖွဲ့ဝင်)
၁၆။ ဦးသက်ထွန်း               (အဖွဲ့ဝင်)


Comments

Popular posts from this blog

တိုင်းရင်းသားလူမျိုးများ

မြန်မာနိုင်ငံသမိုင်းသုတေသန -ဒေါက်တာသန်းထွန်း