လူမျိုးစုတိုင်းရဲ့မွေးရာပါနိုင်ငံသားအခွင့်အရေးကို ခြိမ်း ခြောက် ထား သော ဥ ပ ဒေ
ဦးဦးမှော်ဆရာ
21.9.2013
အင်တာနက်နဲ့ အဆက်ပြတ် နေတာ ကြာပြီ
ဖြစ်လို့ ပျင်းရိရိ ဖြစ်တုန်း ကျနော့် မိတ်ဆွေ တစ်ယောက်နဲ့ ၈၂ ဥပဒေ
အကြောင်း စကားစပ် မိပြီး “တိုင်းရင်းသား” ဆိုတဲ့ သတ်မှတ်ချက်နဲ့ ပက်သက်တဲ့
သူ့အထင်ကို နားထောင် မိတော့ ကျနော် ရေးစရာ ခေါင်းစဉ် တစ်ခု ရသွားတယ်။
ကျနော့် မိတ်ဆွေ ထင်နေ တာ က မြန်မာ နိုင်ငံတွင်းမှာ နေထိုင်သူ ဘယ်လူမျိုး
မဆို ၁၈၂၃ မတိုင်ခင် ဘိုးစဉ် ဘောင်ဆက် နေထိုင် လာခဲ့ကြောင်း အထောက် အထား
ပြနိုင်ရင် ၈၂ ဥပဒေ အရ တိုင်းရင်းသား စာရင်းပေါက်ပြီ မှတ်နေတာ.. ဒီတော့
ကိုယ့်မှာ အထောက် အထား ပြည့်စုံရင် ၁၉၈၂ နိုင်ငံသား ဥပဒေကို ပြင်ပြင်၊
မပြင်ပြင်လည်း ဂရု စိုက် စရာ မရှိဘူး လို့ ဆိုလာ ပါတယ်။ တကယ် တမ်းလည်း ၈၂
နိုင်ငံသား ဥပဒေကို အပေါ်ယံ ဖတ် ကြည့်ရင် သူပြော သလို ထင်မိ မှာပဲ ..
အဲဒီလို ထင်ယောင် ထင်မှား ဖြစ်အောင် လုပ်ထား တာကိုး။
ကျနော် အမြင် ကတော့ မြန်မာ ပြည်မှာ
လူမျိုး (၈) မျိုးက လွဲရင် လက်ရှိ တိုင်းရင်းသား စာရင်း ထဲမှာ ပါနေတဲ့
ကျန်လူမျိုးစု (၁၂၇) မျိုး နဲ့ တိုင်းရင်းသား စာရင်း ထဲက ပယ်ဖျက် ခံထား
ရတဲ့ ကျန်လူ မျိုးစု တွေဟာ ဥပဒေ အရ ရေရာ သေချာမှု မရှိတဲ့ အခြေ အနေချင်း
အတူတူ ပါပဲ..။ သေချာ ထပ် ပြော ရရင် ၈၂ ဥပဒေ အရ တိုင်းရင်းသား စာရင်းမှာ
ပါလို့ တိုင်းရင်းသား ဖြစ်ခွင့် ရနေတဲ့ လူမျိုး စု တွေနဲ့ စာရင်းမှာ
မပါလို့ နိုင်ငံခြားသား အဖြစ် အဓ္ဓမ သတ်မှတ် ခံထားတဲ့ လူမျိုးစု တွေ ရဲ့
မွေးရာ ပါ နိုင်ငံ သား ဖြစ် ခွင့် အခွင့် အရေးကို ဥပဒေ အရ စနစ် တကျ
ခြိမ်းခြောက်ခံ နေရတဲ့ အခြေ အနေချင်း အတူတူ လို့ ပြောရပါမယ်။
အောက်မှာ ၁၉၈၂ နိုင်ငံသား ဥပဒေ ပုဒ်မ – (၃) ကိုကြည့်ပါ။
” ၃။ နိုင်ငံတော်တွင် ပါဝင်သော နယ်မြေ
တစ်ခုခု၌ မြန်မာ သက္ကရာဇ် ၁၁၈၅ – ခုနှစ်၊ ခရစ် သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီ
ကာလမှ စ၍ ပင်ရင်း နိုင်ငံ အဖြစ် အမြဲ နေထိုင် ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားများ နှင့် မျိုးနွယ်စု များသည် မြန် မာ နိုင်ငံ သား ဖြစ် သည်။ “
သေချာအောင် အင်္ဂလိပ် ဗားရှင်း ကိုပါ ကြည့်ပါ။
အောက်ပါ (၁၉၄၈) ခုနှစ် နိုင်ငံသား ဥပဒေနှင့် ယှဉ်ကြည့်ပါ။
ဒီတော့ ၈၂ နိုင်ငံသား ဥပဒေ ပုဒ်မ ၃ ကို
သာမာန် ဖတ်ကြည့် ရင်တော့ ၄၈ ဥပဒေ ပုဒ်မ – ၃(၁) ကိုပဲပြန်ထည့်သွင်း ထားသလို
ထင်ရပေမဲ့ တကယ် တမ်းတော့ စာသား တွေကို နေရာ ပြောင်းရေး လိုက်ခြင်းဖြင့်
လူသန်းပေါင်း များစွာ၏ မွေးရာပါ အခွင့် အရေး များကို ပယ်ဖျက် လိုက်ခြင်းသာ
ဖြစ်တယ်။ အထက်ပါ ၁၉၄၈ နိုင်ငံသား ဥပဒေ ပုဒ်မ(၃) က `တိုင်းရင်းသား´ဆိုတဲ့
ဝေါဟာရကို အဓိပ္ပါယ် ဖွင့် ချက် ဖြစ်သော်လည်း၊ ၈၂ ဥပဒေ ပုဒ်မ – ၃ တွင်
ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း – ဒီ (၈) မျိုးကိုသာ
မြန်မာ နိုင်ငံ၏ တိုင်းရင်းသား များအဖြစ် ယတိပြတ် သတ်မှတ် ဖေါ်ပြ ထားကာ၊
ကျန်မျိုးနွယ်စု များအားလုံး ကိုတော့ ၁၈၂၃ ခုနှစ် မတိုင်မီ ထဲက အစဉ် တစိုက်
နေထိုင် ခဲ့တယ်လို့ ယူဆ ခံရပါက `နိုင်ငံသား´ အဖြစ်သာ သတ်မှတ်ကြောင်း
ဖေါ်ပြထား တာပါ။ ထိုမျိုးနွယ်စု များကို ထိုစဉ်က ၀န်ကြီးချုပ် ပါဝင်သော (၂၉)
ဦးပါ နိုင်ငံတော် ကောင်စီ ဆိုသည့် အဖွဲ့ (ယခု ဆိုလျှင်တော့ နိုင်ငံသား
စိစစ် ရွေးချယ်ရေး အဖွဲ့လိုမျိုး) ကဲ့သို့ လူတစ်စုရဲ့ ဆန္ဒ၊ ဆုံးဖြတ်ချက်
ဖြင့်သာ တိုင်းရင်းသား မျိုးနွယ်စု ဟုတ်၊ မဟုတ် ဆုံးဖြတ်မည် ဖြစ်တယ်။
အမှန်တော့ လူမျိုးစု တစ်စု ဤနယ်နိမိတ်
အတွင်း ရှိခြင်း၊ မရှိခြင်းကို ဆုံးဖြတ်ဖို့ရန် အာဏာ နှင့်အရည် အချင်းဟာ ဒီ
ဥပဒေ အရ သတ်မှတ် ထားသူ များတွင် လုံးဝ မရှိပါ။ အာဏာ လက်ကိုင် ထားသူ အစိုးရ
အနေဖြင့် `တိုင်းရင်းသား´ မည်သူ မည်ဝါ ဖြစ်စေ ရမည် ဟု ဆုံးဖြတ်ပေး
ပိုင်ခွင့်ထက်၊ ရှေးအစဉ် အဆက် အမှန် တကယ် နေထိုင် ခဲ့သော သူများကို အသိ
အမှတ် ပြုရန် တာဝန်သာ ရှိပါတယ်။ လူမျိုး (၈) မျိုးမှ လွဲ ၍ ယနေ့ မြန်မာ
နိုင်ငံဟု ဖြစ်လာသည့် နယ်နိမိတ် အတွင်း ရှေးပဝေသဏီ ထဲက အစဉ် အ ဆက် နေထိုင်
ခဲ့သည့် ကျန် လူမျိုးစုများ အားလုံး၏ မွေးရာပါ နိုင်ငံသား အခွင့် အရေးသည်
ဘယ်လိုမှ မသက် ဆိုင်တဲ့ လူတစ်စု၏ စိတ်ကူး ပေါ်တွင် မူတည်၍ ဖြုတ်နိုင်၊
ဖြည့်နိုင်သည့် စာရင်းရှင် သာ ဖြစ်နေသည်။ ခုလို မိမိ ကြိုက်သူကို
`တိုင်းရင်းသား´၊ မကြိုက်သူ ဆိုရင် `နိုင်ငံခြား သား´သတ် မှတ် နိုင်သော ၈၂
မြန် မာ နိုင်ငံသား ဥပဒေသည် အမှန် စင်စစ် ရှက်ဖွယ် လိလိ လူမျိုးရေး
ခွဲခြားသော၊ လူ သား မဆန် ဆုံးသော၊ ရီစရာ ကောင်းသော ဥပဒေ တစ်ရပ်သာ ဖြစ်နေ
ပါတယ်။ ဥပဒေက ရယ် စရာ ကောင်းသော်လည်း ခံစား လိုက်ရသူ တွေအတွက်မူ မွေးရာပါ
ပြစ်ဒဏ် သဖွယ် ဆိုးရွား လှပါတယ်။
နောက်တစ်ချက် ပြောရရင် မြန်မာ လူမျိုး
အပါ အ၀င် လူမျိုး (၈) မျိုးဆိုတာ သူ့အလိုလို ဒီမြေကြီး ထဲက ထွက်လာတာ မဟုတ်၊
မိုးပေါ်က ကျလာ တာလည်း မဟုတ်ဘဲ၊ သမိုင်းကြောင်း အရ ရှေးဘိုးဘေး မြန်မာ
များဟာ တရုတ်ပြည် အနောက် တောင်ပိုင်း ဒေသမှ တဆင့် ယနေ့ မြန်မာ နိုင်ငံလို့
ဖြစ်လာမဲ့ ဒေသ များကို ၀င်ရောက် လာပြီး သူတပါး နယ်မြေ များကို ကျူးကျော်
လုယူ သိမ်းပိုက် ခဲ့သူ တွေ သာ ဖြစ် ပါ တယ်။ ဒါ ငြင်းစရာ မလိုတဲ့ သမိုင်းပါ။
မြန်မာ နိုင်ငံလို့ နယ်နိမိတ် အတွင်းမှာ မြန်မာ လူမျိုးတွေ မရောက် လာ
ခင်ထဲက တခြား လူမျိုးတွေ ကောင်းစွာ အခြေချ နေထိုင် ခဲ့ပြီး ဖြစ်ပါတယ်။ ဥပမာ
– ရိုဟင်ဂျာ ၊ ပသီ လူ မျိုး များသည် ကိုယ့်မင်း ကိုယ့်ချင်းနှင့် နေထိုင်
ခဲ့သည့် သမိုင်း အထောက် အထား ခိုင်ခိုင် မာမာ ရှိခဲ့ပြီး၊ ကျန် ပရှုး၊
မြေဒူး … အစ ရှိသည့် လူမျိုးစု များသည်လည်း မြန်မာ့ သမိုင်း တလျောက် အစဉ်
အဆက် ရှိခဲ့ သည့် သမိုင်း ကြောင်းများ ရှိပါတယ်။ ဒီ လူမျိုးစု တွေကို
ခုချိန် ကျမှ တနေရာက ရောက် လာသူ တွေလိုလို သတ်မှတ်ပြီး အသိ အမှတ် မပြုဘဲ
နေလို့ မရပါ။ “တိုင်းရင်းသား” ဆိုတဲ့ ဝေါဟာရ ကို နေရာ ကွက်ပြီး သတ်မှတ်
ခြင်းသည် လုံးဝ အဓိပ္ပါယ် မရှိပါ။ မိုင်ပေါင်း (၂၆၁၂၂၈) မိုင်အတွင်း
အကျုံးဝင်သည့် လူမျိုးစု များထဲမှ သတ်မှတ် ထားသော သက္ကရာဇ် မတိုင်မီ နေထိုင်
ခဲ့ကြောင်း ခိုင်မာလျှင် တိုင်းရင်းသား အဖြစ် မွေးရာပါ နိုင်ငံသား အခွင့်
အရေး ပေးကို ပေးရ ပါမယ်။ “ဒီလို သွင်ပြင် သဏ္ဍာန် ရှိတဲ့ သူတွေပဲ
ဒီနေရာမှာ ရှိနေခဲ့တာ၊ ဒါက လွဲရင် တခြား ပုံစံနဲ့ ယဉ်ကျေးမှု မတူတဲ့
လူမျိုးတွေ မရှိခဲ့ဘူး” လို့ တထစ် ချမှတ် ယူထားတဲ့ အမြင်ဟာ အလွန် ရယ်စရာ
ကောင်းတဲ့ အမြင်ပါ။ ဒီလို ငြင်းဆန် နေခြင်း အားဖြင့် လူပေါင်း များစွာရဲ့
အခွင့် အရေးနဲ့ လူ့စွမ်းအား အရင်း အမြစ် တွေကို ဖြုန်းတီး လိုက်သ လို ဖြစ်
ပြီး၊ ပြဿ နာ တွေထဲ တ၀ဲ လည်လည်နှင့် ခုလို ခွက်လက်စွဲ နိုင်ငံ ဘ၀က
ပြောင်းလဲ လာဖို့ မမြင်ပါ။
ဒီလို အခြေ အနေ ဆိုက်နေ ရခြင်းရဲ့ အဓိက
အကျဆုံး အကြောင်း ရင်းမှာ ၁၉၈၂ နိုင်ငံသား ဥပဒေတွင် `တိုင်းရင်းသား´
ဆိုသည့် စကားရပ်၏ အဓိပ္ပါယ် ဖွင့်ဆိုချက် (လုံးဝ) မပါခြင်းပင် ဖြစ်သည်။ ၁၉၄၈
ဥပဒေ အရ တိုင်းရင်းသား ဖွင့်ဆို ချက်သည် လည်းပဲ မပြည့်စုံပါ။ အမှန်က
`တိုင်းရင်းသား´ ဆိုတဲ့ ဝေါဟာ ရ၏ ပြည့်စုံသော အဓိပ္ပါယ် ဖွင့်ဆိုချက် အတွက်
၁၈၂၃ ခုနှစ် မတိုင်မီ ဆိုတဲ့ သက္ကရာဇ် သတ်မှတ်ချက် အစား အမှန် တကယ် ရှိနေ
ခဲ့သော လူမျိုးစု အားလုံး၏ အမည် စာရင်းကို ဥပဒေထဲ မှန်မှန် ကန်ကန်
ထည့်သွင်း ဖေါ်ပြ ထားခဲ့လျှင် နောင်အခါ အထုပ်ရှုပ် တွေဖြစ် လာမည် မဟုတ်ပေ။
အဲဒီခေတ် အခြေ အနေ အရ တိုင်းရင်းသား မျိုးနွယ်စု စာရင်းကို တိတိ ကျကျ
သတ်မှတ်ဖို့ ခက်ခဲ နိုင်တာကြောင့် ဖြစ်နိုင် ပါတယ်။
နိဂုံးချုပ် အနေနဲ့ ပြောလို တာက ၈၂
နိုင်ငံသား ဥပဒေဟာ ခုလက်ရှိ နိုင်ငံသား အခွင့် အရေး ဆုံးရှုံး နေသူ လူနည်းစု
ရဲ့ ပြဿနာ သက်သက်သာ မဟုတ်ဘဲ လူမျိုး (၈) မျိုးက လွဲရင် မြန်မာ
ပြည်တွင်းရှိ တိုင်းရင်း သား မျိုးနွယ်စု အားလုံးကို ခြိမ်းခြောက်
နိုင်အောင် ရည်ရွယ်ချက် ရှိရှိ စီမံ ထားတဲ့ ဥပဒေ တစ်ခု ပါ။ ဒီဥ ပဒေရဲ့
ခြိမ်းခြောက် မှုနဲ့ လွတ်တယ် ဆိုတဲ့ လူမျိုး (၈) မျိုး အနေနဲ့ ကလည်း ရေရာ
သေချာမှု မရှိတဲ့ ဥပဒေရဲ့ မျက်နှာသာ ပေးမှုကို စိတ်ချနေလို့ မရနိုင်ပါ။ အခြေ
အနေပေါ် မူတည်၍ လူမျိုး ပြောင်း သွား နိုင်သေးသည်။ သေချာ တာကတော့ လူတစ်ဦးရဲ့
မွေးရာပါ နိုင်ငံသား အခွင့် အရေးသည် ဥပဒေအရ ဆိုတာထက် လူတစ်စုရဲ့
လူမျိုးစွဲ၊ ဘာသာစွဲ၊ ဆန္ဒစွဲ ပေါ်မှာ ပိုပြီး မူတည် နေတဲ့ အတွက် ပြင်ဆင်သင့်
(သို့) ဖျက်သိမ်း သင့်သည့် ဥပဒေ တစ်ရပ်သာ ဖြစ်ပါကြောင်း ..
Comments
Post a Comment