မွတ်စလင်မ် တိုင်း သိထားသင့်သည့် ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေ ဆောင်းပါး( ၂ )

Robert Elhose


ဒီနေ့ မြန်မာပြည်က မွတ်စ်လင်မ် အားလုံးအတွက် သေရေး ရှင်ရေးတမျှ အရေးကြီးနေ တဲ့ ၁၉၈၂ နိုင်ငံသားဥပဒေ ဆိုတာကို ပညာရပ် ဆိုင်ရာ စကားလုံးများ မပါပဲ လူတိုင်း နားလည် နိုင်အောင် တတ်နိုင် သလောက်ပြောကြည့်ပါမယ်။ ဒါဟာ ကျွန်တော်တို့ အားလုံးအတွက် တကယ့် နိုင်ငံရေး လုပ်ကြံမှုကြီးပါ။

ပထမ ဦးစွာ ဒီညစ်ပတ်တဲ့ ဥပဒေကြီး ဘယ်လိုကဖြစ်လာသလဲ ဆိုတာပါ။ ဒီဥပဒေရဲ့ အဓိက ပိသုကာကတော့ အာဏာရှင်ကြီးဟောင်း ဦးနေ၀င်း၊ သူ့ရဲ့ နောက်ဆုံးဇနီး ဒေါ်နီနီမြင့်၊ ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကမှ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကွယ်လွန် သွားခဲ့တဲ့ အစွန်းရောက် မွတ်စ်လင်မ် မုန်းတီးရေးဝါဒီ၊ ရခိုင်လူမျိုး သမိုင်း ပါမောက္ခဟောင်း ဒေါက်တာအေးကျော်နဲ့ အဲ့ဒီအချိန်က သူ့လက်ရင်း တပည့် ဖြစ်ခဲ့တဲ့ ယခု ဂျပန်နိုင်ငံ ကန်တတက္ကသိုလ် မှာ အရှေ့တောင်အာရှရေးရာ သမိုင်းပါမောက္ခ လုပ်နေသူ ဒေါက်တာအေးချမ်း ဆိုသူတွေဟာ အဓိက လက်သည်တွေပါပဲ။ အဲ့ဒီ အချိန်က တိုင်းပြည်ရဲ့ အလုံးစုံအာဏာ ကို ဆုပ်ကိုင်ထားတဲ့ အာဏာရှင်ကြီး ဦးနေ၀င်းကို သူ့ဇနီး ဒေါ်နီနီမြင့် မှ တစ်ဆင့် မွတ်စ်လင်မ် မုန်းတီးရေးဝါဒီ ခိုင်လူမျိုးများရဲ့ ထိုးဖောက် အကွက်ဆင်မှု များထဲက တစ်ခုဆိုတာ မှန်းဆ နိုင်ကြမှာပါ။

သုံးလေးနှစ်လောက် အချိန်ယူပြီး မွတ်စ်လင်မ်များကို အဓိက ပစ်မှတ်ထားရေးဆွဲထားတဲ့ ဒီဥပဒေဟာရေပက်မ၀င် လောက်အောင်ကို ကျွန်တော်တို့ အားလုံးကို ဘယ်လို လည်မြိုညှစ်ထားတယ် ဆိုတာကို နားလည်သလောက် တင်ပြနိုင်အောင် အားထုတ်ကြည့်ပါမယ်။

ဒီဥပဒေ အရ ဆိုရင်
##############

၁။ နိုင်ငံသားဆိုရာမှာ တိုင်းရင်းသား နဲ့ ပြုနိုင်ငံသား (ဟိုတုန်းကတော့ ဧည့်နိုင်ငံသားလို့သုံးပါတယ်) ဆိုပြီး နှစ်မျိုးခွဲ လိုက်ပါတယ်။ တိုင်းရင်းသား ဆိုရာမှာ အင်္ဂလိပ်၊မြန်မာပထမစစ်ပွဲ (၁၈၂၃) မတိုင်မီ မြန်မာ နိုင်ငံထဲမှာ နေထိုင် လာခဲ့သူတွေ လို့ သတ်မှတ်ထားပြီး ဒီ့ နောက်ပိုင်း မှ ရောက်လာတယ် လို့ သူတို့က သက်သေ ပြမယ့် သူတွေကတော့ တိုင်းရင်းသား အဆက်အနွယ်မဟုတ်ဘူးလို့ ဆိုလိုတာ ရှင်းပါတယ်။

၂။ နောက်တစ်ခုက လွပ်လပ်ရေး မရခင် အရင် ၈ နှစ် ( ၁၉၄၀ ခုနှစ်၊ ဇန္န၀ါရီလ ၄ ရက်နေ့) နောက်ပိုင်း တိုင်းပြည် တွင်း တစ်ဆက်တစ်စပ် တည်း နေထိုင်လာ သူ ဘိုးဘွားများက ပေါက်ဖွား လာသူ များ က သူတို့ပြောတဲ့ ပြုနိုင်ငံသား(ဧည့် နိုင်ငံသား) အဖြစ် လျှောက်ထားနိုင်တယ် လို့ဆိုထားပါတယ်။ သူတို့က စဉ်းစားပြီး ခွင့်ပြု ရင်တောင် အဲ့ဒီပုဂ္ဂိုလ် က ဧည့်နိုင်ငံသား ပဲ ဖြစ်မှာနော်။ နိုင်ငံသားမဖြစ်သေးဘူး။ အဲ … အဲ့ဒီ ဧည့်နိုင်ငံသားက မွေးတဲ့ တတိယမျိုးဆက်၊ မြေးအဆင့် ကမှ အထောက်အထား အပြည့်အစုံနဲ့ လျှောက်ထားပါမှ နိုင်ငံသား အဖြစ် စဉ်းစားပေးမယ်တဲ့။

၃။ အဲ့ဒီလို နဲ့မှ တင်းပြည့် နိုင်ငံသား ဖြစ်လာရင်တောင် တိုင်းရင်းသား မိဘက ပေါက်ဖွားလာတဲ့ ပထမတန်းစား နိုင်ငံသား မဟုတ်ခြင်းကြောင့် ဤသူများအား နိုင်ငံတော်က လိုအပ်သည်ဟု ယူဆချိန်တွင် နိုင်ငံသား အခွင့်အရေး အချိန်မရွေး ပြန်လည် ရုပ်သိမ်းနိုင်သည်လို့ ပါရှိပါတယ်။

ဒီသုံးချက်ကို အခြေခံ ပြီး လူတိုင်း နားလည်အောင် အကျယ် ထပ်ရှင်းပါမယ်။

ရှင်းလင်းချက် နံပါတ်တစ်
#################

ခရစ်နှစ် ၁၈၂၃ ခု အရင် မြန်မာနိုင်ငံတွင်းမှာ မှီတင်း နေထိုင်ခဲ့ကြသူ မွတ်စ်လင်မ်တွေ အကြောင်း ပြန်ပြောင်းပြောရမယ် ဆိုရင် အခုအငြင်းပွားနေ တဲ့ ရိုဟင်ဂျာကစပြီး ရခိုင်ပြည်တွင်း ဆို ကမန်၊ မဟာမေဒင် တွေနဲ့ ရခိုင်မဟုတ်တဲ့ လက်ရှိမြန်မာပြည် အရပ်ရပ် မှာဆို ပသီ၊ မြေဒူး၊ ပန်းသေး၊ ပသျှူး စတဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်သူ တွေ ဆိုတာ အမှန်တကယ် ရှိခဲ့ကြောင်း ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်း ကျမ်းအစောင်စောင်မှာ မွှေနှောက် ရှာဖွေ ကြည့်နိုင်ပါတယ်။ ဒီအကြာင်း အကျယ်မရှင်းလိုပါ။

ရိုဟင်ဂျာ ဆိုတဲ့ ရခိုင်ပြည်နယ်တွင်း နေထိုင်ခဲ့တဲ့ မွတ်စ်လင်မ် လူမျိုးစုတွေဟာ သူ တိုပြောနေသလို ၁၈၂၃ ဟိုမှာဖက်ကတည်းက ဒီနယ်မြေထဲမှာ နေထိုင်ခဲ့ကြောင်း ကျိုးကြောင်း ခိုင်လုံတဲ့ အထောက်အထားနဲ့ တကွ တင်ပြ နိုင်ရင် ဒါ တိုင်းရင်းသားပဲပေါ့။ ၈၂ ဥပဒေ အရကို နိုင်ငံသားသာမဟုတ် ၊ တိုင်းရင်းသားပါ ဖြစ်နေပါပြီဆိုတာ ရှင်းပါတယ်။

ခရစ်နှစ် ၁၇၉၉ ခုနှစ် က ရိုက်နှိပ် ထုတ်ဝေ ခဲ့တဲ့ ဒေါက်တာဖရန်စစ် ဘူခါနန် ရဲ့ ခရီးသွားမှတ်တမ်းမှာ မဟာမေဒင်ဘာသာ ကိုးကွယ်သော ရိုဟန်းဂျာ လူမျိုးဆိုတာ ရခိုင်ဒေသမှာ အုံလိုက်ကျင်းလိုက်နေထိုင်ခဲ့ဘူးကြောင်း သမိုင်းအထောက်အထား ဟာ ပထမတန်း စား Primary Source အထောက်အထား ဖြစ်ကြောင်း သမိုင်းပညာရှင်အားလုံးက လက်ခံထားပါတယ်။ ဒီကိစ္စ မကြာခင်ကပဲ ကိုဌေးလွင်ဦး နဲ့ ရခိုင်သမိုင်း ပညာရှင် ဒေါက်တာအေးချမ်းတို့ အကြား ငြင်းအခုံ ဖြစ်ခဲ့ကြတာအားလုံးအသိပါ။

အချက်အလက်နဲ့ ငြင်းခုံဖို့ရာ မစွမ်းသာတော့တဲ့ အခါ ဒေါက်တာ အေးချမ်းက ဒီ ရိုဟန်းဂျာ ဆိုတာ သူတို့ ရခိုင် ဗုဒ္ဓဘာသာ ၀င်တွေကို ပြောတာဖြစ်ကြောင်း မခိုင်မလုံ ရယ်မောဘွယ်ရာငြင်းခုံ သွားတာကိုလည်း မှတ်သား လိုက်ရပါတယ်။ ပြီးတော့ ကိုဌေးလွင်ဦး ကိုလည်း သူနဲ့ တန်းမတူ သူမို့ Debate မလုပ်နိုင်သလိုလို အပြောအဆိုမျိုးကိုလည်း တွေ့ရပါတယ်။ ကိုဌေးလွင်ဦးက သူနဲ့ တန်းမညီ လို့ မဆွေးနွေး နိုင်ဘူးလို့ ဆိုရင် သူနဲ့ တန်းညီရုံမက ကမ္ဘာ့အဆင့်မှာ သူ့နဲ့ တန်းပိုမြင့် နေသူ Dr Abib Bahar က သူ့ကို ဒီ Issue ကိုပဲ တီဗီချယ်နယ်လ် တွေ ရှေ့ ဆွေးနွေး ကြရအောင်လို့ ကမ်းလှမ်းထားတာကို နှစ်နှစ် နီးပါး သူ နှာစေး နေတာကလည်း ကလေးဆန်လှပါတယ်။ ရိုဟင်ဂျာ ကိစ္စ မှာ ဒီလို ခိုင်လုံတဲ့ စာအုပ်စာတမ်း အထောက်အထား တွေအပြင် ရှေးဟောင်း ကျောက်စာတွေ၊ ဒင်္ဂါးတွေ၊ ရှေးဟောင်း မှတ်တမ်း မှတ်ရာတွေ အမြောက်အများ ရှိနေပေမယ့်လည်း ဒီနေရမှာ အကျယ်မချဲ့လိုတော့ပါ။

ဘယ်နိုင်ငံမှာမှ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ရေးဆွဲခဲ့တဲ့ နေ့စွဲ အရင် နှစ်ပေါင်း တစ်ရာ့ငါးဆယ်၊ တစ်ရာ့ခြောက်ဆယ် လောက် အပြင်ဖက်မှာ နေထိုင်လာသူတွေကိုပဲ နိုင်ငံသားစစ်စစ် ပေးပါတယ် ဆိုတာမျိုး မတွေ့ဘူးပါဘူး။ ရှိခဲ့ရင် လည်း ကျွန်တော့် ကိုထောက်ပြပေးပါ။ ဒါဟာ ရယ်ဘွယ်သက်သက်ပါ။

ပြီးရင်ရော ခင်ဗျား၊ ကျွန်တော်၊ သူတို့ ၊ ဘယ်သူမဆို အဲ့ဒီ နှစ် နှစ်ရာနီးပါးက ဘိုးဘွားများ ဒီမှာ နေထိုင်လာခဲ့တဲ့ အထောက်အထား ကို တကယ်တမ်း ပြသနိုင်မယ့်သူ ရှိပါသလား။ ရှိမယ်ဆိုရင် လက်ရှိသမ္မတကြီး အပါအ၀င် မည်သူမဆို ပြသနိုင်ပါသလား။

ဒါကျွန်တော့် မေးခွန်းပါ။ နောက်တစ်ခါ သူတို့က မွတ်စ်လင်မ် ဆိုရင် တိုင်းရင်းသား မဟုတ်ဘူး၊ တိုင်းရင်းသား ဆိုရင် မွတ်စ်လင်မ် မဖြစ်ရဘူးဆိုတဲ့ အတင်းရော အဓမ္မရော လုပ်ထားတဲ့ မူကလည်း ရှိထားတာ အားလုံးအသိပါ။

ရှင်းလင်းချက် နံပါတ်နှစ်
##############

ကျွန်တော်အထက်က တင်ပြထားတဲ့ နံပါတ်နှစ်အချက်မှာ ပါသလို လွတ်လပ်ရေးမရခင် အနည်းဆုံး ရှစ်နှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် အတွင်း တစ်ဆက်တစ်စပ်တည်း နေထိုင်လာခဲ့ကြောင်း အထောက်အထား ပြသနိုင်သူ ဘိုးဘွားများရဲ့ မြေးအဆင့်ကို (ပြု) နိုင်ငံသား လျှောက်ထား နိုင်ကြောင်း ဆိုထားတယ်၊ လျှောက်ထားနိုင်တာနော်။ သူတို့က ပေးမှ ခင်ဗျားရမှာ။ ရရင်တောင် ခင်ဗျားက နိုင်ငံသားစစ်စစ် မဖြစ်ပြန်သေးဘူးတဲ့။ ခင်ဗျားရဲ့ မြေးလက်ထက် ကျမှ ဒီအထောက်အထားတွေ အားလုံး နှစ်ဖက် မိဘ များရဲ့ ဘိုးဘေး အစဉ်အဆက် အထောက်အထားတွေ ခင်ဗျား စုံစုံလင်လင် ထုတ်ပြ နိုင်မှ ခင်ဗျားမြေးကို နိုင်ငံသား ဖြစ်ကြောင်း သူတို့က စဉ်းစားပေးမယ်။ စဉ်းစားမေးမှာ။ ဒါတွေဟာ ကျွန်တော် အထောက်အထားမဲ့ ပြောနေတာ မဟုတ်ရပါ။ သိပ်မကြာသေးခင်ကပဲ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီး ဦးခင်ရီ အမေရိကန် အခြေစိုက် သတင်းဌာနတွေ ဖြစ်တဲ့ ဗွီအိုအေ တို့ အာရ်အက်ဖ်အေ တို့နဲ့ အင်တာဗျူးများမှာ အတိအကျ ကို ပြောဆိုသွားခဲ့တာတွေပါ။

ကဲ အဲ့ဒီ (ပြု) နိုင်ငံသား နဲ့ နိုင်ငံသား ဖြစ်ဖို့ရာကြား အဆင့်ဆင့်တွေ အတွက် ခင်ဗျား ဘယ်လောက်စောင့်ရမလဲ။ ပြန်တွက်ကြည့်နိုင်ပါတယ်။ အနည်းဆုံး မျိုးးဆက် ခြောက်ဆက်။ ဒါနေရာတိုင်းမှာ ခင်ဗျား သိပ်ကံကောင်းလွန်းပြီး အဆင်ပြေပြေ ဖြစ်ခဲ့မှသာ။ ကံမကောင်းရင် မျိုးဆက် ခုနစ်ဆက် ရှစ်ဆက်လောက်တောင် ဖြစ်သွားနိုင်ပါတယ်။ ဒါနော် ခင်ဗျားတို့ ဆွေမျိုးခုနစ်ဆက်တွေ သိပ် အမှတ်အသားကောင်းပြီး မှတ်ပုံတင် အထောက်အထား အားလုံးအဆင့်ဆင့်ကို ပြသနိုင်မှ ဖြစ်လာမယ့်အရာတွေ။ အဲ့လို ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် အထောက်အထား တွေပြသနိုင်မယ့် သူ မြန်မာနိုင်ငံမှာ ရှိပါသလား။ ရှိရင် နိုင်ငံတော် သမ္မတကြီးတို့ လူဝင်မှုဝန်ကြီးဦးခင်ရီ တို့ပဲ အရင်ပြပါ။ လုံးဝမဖြစ်နိုင်တာတွေ နဲ့ လူတွေကို ချောက်တွန်းနေတာပါ။

ကျွန်တော့် ကိုယ်ပိုင် ဥပမာ လေး တစ်ခုပဲ ပြောပြပါရစေ။ ကျွန်တော် ငယ်ငယ်တုန်းက အသက် ၁၂ နှစ်ပြည့် မှတ်ပုံတင် လုပ်ရတဲ့အခါ သုံးခေါက်ချိုး၊ ယောက်ျားလေး ဖြစ်လို့ အစိမ်းရောင် နိုင်ငံသား မှတ်ပုံတင်ကဒ် ရပါတယ်။ အဲ့ဒီ တုန်းက လူမျိုး နဲ့ နိုင်ငံသား နေရာတွေမှာ မြန်မာ လို့ ရေးသားထားပြီး၊ ဘာသာ နေရာမှာ အစ္စလာမ် လို့ ရေးထားပါတယ်။ နောက် ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ ကမှ စခဲ့တဲ့ အခု ပန်းရောင် (နိုင်) နိုင်ငံသားကဒ်တွေလည်း ပေါ်လာရော ကျွန်တော်ရော ၊ကျွန်တော့်မိဘများ သဘောရောမပါပဲ အစ္စလာမ် ဘာသာဝင် ဖြစ်လို့ဆိုပြီး လူမျိုးနေရာမှာ အိန္ဒိယ/ဗမာ လို့ရေးပြီး ဘာသာနေရာမှာ အစ္စလာမ် ဆိုပြီး အတင်းရော အဓမ္မ ရော ရေးသဗျ။ ကျွန်တော့်မိဘများက အကြောက်အကန် ကန့်ကွက်ခဲ့ကြရှာပါသော်လည်း အလိုမတူ ပဲ အတင်းရော အဓမ္မရော ပြုကျင့်ခြင်းခံလိုက် ရသလို ဒီလိုမှ မရေးရင် နိုင်ကဒ် ဘယ်တော့မှ မထုတ်ပေးနိုင်ဘူး။ ဒါ နိုင်ငံတော်ရဲ့ မူ စတဲ့ ရှင်းလင်းချက်တွေနဲ့ နိုင်ငံသားကဒ် ရသွားခဲ့တာပါ။ အစစ် အနေနဲ့ မွေးရာပါ ဗမာ၊ ဗုဒ္ဓဘာသာ စင်စစ် ဖြစ်တဲ့ ကျွန်တော့် မိခင်တောင် အခု အစ္စလာမ် ကိုးကွယ်နေတယ် ဆိုတဲ့ ပုဒ်မ နဲ့ လူမျိုးနေရာမှာ အိန္ဒိယ/ဗမာ ဆိုပြီး အရေးခံလိုက်ရတာ ခုထိ မှတ်မိနေသေးတယ်။ ကျွန်တော့် အမေကတော့ ခွက်ထိုးခွက်လှန် ရယ်လို့ပေါ့လေ။ ထားပါတော့။

ရှင်းလင်းချက် နံပါတ်သုံး
################

ကဲထားပါဦး။ အဲ့ဒီထောင်ချောက်အားလုံးကို ကျော်ဖြတ်ပြီး ပန်းရောင် (နိုင်) ကဒ် ကို ခင်ဗျား အခု ကိုင်ထား နိုင်တယ်ဆိုရင်တောင် ခင်ဗျားက ပင်ရင်းနိုင်ငံသားဖြစ်ပိုင်ခွင့် ရှိသူ တိုင်းရင်းသားထဲက မဟုတ်လို့ဆိုပြီး ဒီလို Natuaralized နိုင်ငံသား တွေကို နိုင်ငံတော်က လိုအပ်သည်ဟု ယူဆပါက အချိန် မရွေး နိုင်ငံသား ဖြစ်ခြင်းမှ နုတ်သိမ်းပယ်ဖျက် နိုင်သည် လို့ဆိုထားပြန်တော့။ ခင်ဗျား သားမြေးတွေ အတွက် တော့ ပန်းရောင် ကိုင်ကိုင် ၊ ဘာကိုင်ကိုင် ဘာအာမခံချက်မှ မရှိတော့ဘူး ကိုယ့်ဆရာရေ။

ဒါအဆင့်အမြင့်ဆုံး ပန်းရောင်ကဒ် ကိုင်ထားသူတွေကို ပြောတာနော်။ အခုနောက်ပိုင်း သွေးနှော သံသယ၊ နိုင်ငံသား သံသယ ဆိုပြီး ထုတ်ပေးထားတဲ့ သုံးခေါက်ချိုးကဒ် တို့ အဖြူရောင် ကဒ် တို့ ဆိုတာကတော့ ဆောရီးပဲ ကိုယ့်ဆရာ။ မသိနားမလည်ရှာလို့ ဟိုးတုန်းက ဘိုးဘေးများ ရဲ့ အထောက်အထား စာရွက် စာတမ်းတွေ သိမ်းမထားနိုင်ကြရှာတဲ့ ၊ မပြသ နိုင်ကြတဲ့ မွတ်စ်လင်မ် အများစုကတော့ ဆရာကြီး ဦးရာဇတ်က တိုက်ရိုက်ဆင်းသက် လာသူဖြစ်ပေ့စေ၊ ကုန်းဘောင်မင်းဆက် နန်းတွင်း မြန်မာစာဆိုတော်ကြီး ဦးနု ကနေ တိုက် ရိုက်ပဲ ဆင်းသက်လာလာ သူတို့ဥပဒေ အရဆိုရင် တော့ နိုင်ငံသား ဖြစ်ဖို့ အရေး ဝေရာမဏိ ၊ ဝေးဝေး ကသာဖြစ်ကြောင်း အကျိုးမြှော် နှိုးဆော် လိုက်ရပါကြောင်း။

Comments

Popular posts from this blog

တိုင်းရင်းသားလူမျိုးများ

မြန်မာနိုင်ငံသမိုင်းသုတေသန -ဒေါက်တာသန်းထွန်း